ပလ ကမ္ဘာလှ ပါဒရွှေစက်တော်ရာ🙏🙏🙏

#ပလ ကမ္ဘာလှပါဒ ရွှေစက်တော်ရာ🙏🙏🙏

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်း။

************

ပါဒစက်တော်ရာဘုရားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊  စက်တော်ရာကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး နံဘေးတွင်တည်ရှိကာ ပလစက်တော်ရာဟု လူသိများခဲ့သော ကမ္ဘာလှတောင် စက်တော်ရာဘုရားသည် ပလမြို့အနောက်ဘက် (၂)မိုင်ခန့်ကွာဝေးပြီး ပုလောမြို့နယ် တောင်ဘက် (၁၆)မိုင်ခွဲခန့် ကွာဝေး၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၂၈၀)ခန့်တွင် တည်ရှိသည်။


သမိုင်းမှတ်တမ်းများအရ ကမ္ဘာလှတောင်ကို ရသေ့တောင်ဟု အမည်တွင်ခဲ့ရာမှ မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို စတင်တွေ့ရှိခဲ့သည့် အချိန်မှစ၍  ဒေသခံများက စက်တော်ရာတောင်ဟူ၍လည်းကောင်း၊ ဘုရားတောင် ဟူ၍ လည်းကောင်း ခေါ်တွင်လာကြရာမှ တောင်ခြေအနီး၌ နေထိုင်ကြသော ကရင်လူမျိုးများက ကမ္ဗလတောင်ဟု ခေါ်ဆိုကြသည်။ တောင်နှင့်မြောက် စီးဆင်းနေသော ချောင်းကိုအစွဲပြု၍ ကမ္ဗလတောင်ဟုခေါ်တွင်လာရာမှ ယခုအခါ ကမ္ဘာလှတောင်ဟူ၍ အဆင့်ဆင့် အမည်ခေါ်တွင်လာခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။


#ပလကမ္ဘာလှပါဒ ရွှေစက်တော်ရာ သမိုင်း

  ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ * ~ 

ပလစက်တော်ရာရဲ့ သမိုင်းကိုတော့ မော်ကွန်းကျောက်စာအရ ဗုဒ္ဓဘုရားရှင်က တနင်္သာရီရိုးမ ကမ္ဘာလှတောင်နေရာကို ကြွလာတဲ့ အချိန်မှာ ကမ္ဗလ ဘီလူးမင်းက ပါဒခြေတော်ရာတစ်ဆူ ချထားပေးရန် တောင်းပန်တဲ့အတွက် အရွယ်အစားအလျားအနံကို တိုင်းတဲ့အခါ တကြိမ်နဲ့တကြိမ်မတူတဲ့ ဝဲဘက်ခြေတော်ရာတစ်ဆူကို မြတ်စွာဘုရားက ချထားပေးသနားခဲ့တယ်လို့ ဆိုပါတယ်။ 

ပထမဆုံး တွေ့ရှိတာကတော့ တပိုချောင်းဖျားက စံသာရွာမုဆိုးကြီး စောဖိုးထူး ဖြစ်ပါတယ်။ ဒုတိယအကြိမ်အနေနဲ့ မြန်မာသကရာဇ် ၁၁၉၀ (ခရစ် ၁၈၂၈) မှာ တပိုရွာဆရာတော် ဦးတေဇ ခေါ် ဆရာဖြူက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ထီးတော်အသစ်ကိုတော့ စက်တော်ရာကျောင်းဆရာတော်ဘုရားကြီးက ၁၃၃၅ ခုနှစ် တန်ခူးလဆန်း ၁၂ ရက်နေ့မှာ ပါဒခြေတော်ရာစေတီကို ထီးတော်အသစ်တင်လှူခဲ့ပါတယ်။ စက်တော်ရာရှိတဲ့ ကမ္ဘာလှတောင်ဟာ ပင်လယ်ရေမျက်နှာပြင်မှ ပေ ၄၂၈၀ မြင့်ပါတယ်။ 

ပလစက်တော်ရာသမိုင်းကို သုတေသန သဘောလေး အခြေခံပြီး ကြည့်ရရင် အဲဒီထဲက ဘီလူးမင်းဆိုတာကို မြန်မာဒဏ္ဍာရီထဲက ရေဘီလူးများဖြစ်တဲ့ ကပ္ပလီပုအနွယ်၀င် များဖြစ်ကြတဲ့ ဆေမန်းတို၊ စကိုင်တို ဆလုံတို မျိုးနွယ်ရဲ့ အကြီးအကဲဖြစ်မယ်လို့ မြင်ပါတယ်။ 


ဒီနေရာမှာ ကပ္ပလီအနွယ်တွေထဲမှာ  ဗုဒ္ဓဘာသာ ၀င်ရှိရဲ့လားဆိုတဲ့ မေးခွန်းရှိလာတယ်။ အဲဒီမေးခွန်းရဲ့ အဖြေကို ဒေါက်တာသန်းထွန်းက ရှိတယ်လို့ ဖြေဖူးပါတယ်။

နောက်တချက်က အဲဒီကပ္ပလီအနွယ်တွေဟာ သထုံပြည်မှာ ပူရိယက္ခဆိုပြီး မြို့တည်ပြီး နေခဲ့ကြောင်းကို သထုံပဏ္ဍိတ်မွန်ကျောက်စာအရ သိရပါတယ်။ မွန်တွေရဲ့ ဇုတ်သုတ်ဘုရားသမိုင်းမှာလည်း  ရေသူရဲ ဘီလူးလို့ ခေါ်တဲ့ ကပ္ပလီအနွယ်တွေဟာ ဗုဒ္ဓဘာသာကို သက်၀င်ယုံကြည်လာသဖြင့် မိမိတိုရဲ့ ဆံကြိုးဆံထုံးများကို ဘုရားအား လှူဒါန်းခဲ့ကြတဲ့အတွက် ဇုတ်သုတ် ဘုရားလို့ အမည်တွင်တယ်လို့ ဆိုပါတယ်။

ဇုတ်သုတ် (ဇုတ်သော်) ဆိုတာ ဆံကြိုးလို့ အနက်ရပါတယ်။ ဒါကြောင့်မို့ ပလစက်တော်ရာဟာ ကပ္ပလီအနွယ် (ဘီလူး) တွေ စတင်ကိုးကွယ်ခဲ့တဲ့ ခြေတော်ရာဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ကပ္ပလီအနွယ်၀င်တွေကို ဘီလူးလို့ ခေါ်ကြရခြင်းမှာ သူတို့ဟာ ပုံသဏ္ဍာန်အားဖြင့် ဆံပင်ကောက်၊ နဖူးမောက်၊ နှာခေါင်းတို၊ အရပ်ပုပြီး သန်မာသော အသွင်သဏ္ဍာန် ရှိပါတယ်။ 


အဲဒီထဲက မျိုးနွယ်စုတစ်ချို့ဟာ လူသားစားလေ့ရှိပါတယ်။ အဲဒီလူသားစားတဲ့ ဓလေ့ဟာ ၁၄ ရာစုအထိရှိတယ်လို့ မောလစ်ကောရစ်ရဲ့ ယိုးဒယားဝှိက်ရဲ့ စာအုပ်ထဲမှာ ဆိုထားပါတယ်။ 


ဗုဒ္ဓဘာသာမှာ ခြေတော်ရာသမိုင်းနဲ့ ပတ်သက်လို့ ခြေတော်ရာ (၂) မျိုး ရှိပါတယ်။ တစ်မျိုးက သဘာ၀အတိုင်း ဖြစ်နေတာဖြစ်ပြီး နောက်တစ်ခုက လူလုပ်ဖြစ်ပါတယ်။ နှစ်မျိုးစလုံးကိုတော့ ဘုရားရှင်ရဲ့ ကိုယ်ပွါးအဖြစ် ဥဒိဿစေတီအဖြစ် ကိုးကွယ်လေ့ရှိပါတယ်။ ဗုဒ္ဓခြေတော်ရာအကြောင်းကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့တဲ့ ဂျပန်စာရေးဆရာ မိုတိုဂျီနီ၀ရဲ့ အဆိုအရဆိုရင် အာရှမှာ ခြေတော်ရာပေါင်း ၃၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၃၀၀ လောက်က ဂျပန်မှာ ဖြစ်ပြီး ၁၀၀၀ လောက်က သီရိလင်္ကာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

လူလုပ်ခြေတော်ရာတွေထဲမှာဆိုရင် ခြေတော်ရာရဲ့ အလယ်မှာ ဓမ္မစင်္ကြာဘီး ၊ ဒါမှာမဟုတ် ၁၀၈ ကွက်သော မဟာပုရိသတို့ရဲ့ လက္ခဏာတော်များ ပါရှိတတ်ကြပါတယ်။ ပလခြေတော်ရာကိုတော့ သဘာ၀အတိုင်းဖြစ်ပေါ်နေတဲ့ ခြေတော်ရာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ အဲဒီခြေတော်ရာတွေကို ဗုဒ္ဓ ဘာသာ၀င်တွေက ကိုးကွယ်ကြတဲ့ ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဟာ ဒီကမ္ဘာပေါ်မှာ တကယ်ရှိခဲ့ပြီး နိဗ္ဗာန်သွားရာလမ်းကို ပြသခဲ့တယ်ဆိုတဲ့ အထိမ်းအမှတ် လည်း ဖြစ်ပါတယ်။ 


ဒီနေ့အချိန်မှာတော့ စက်တော်ရာ တောင်ပေါ်ကို ၁၄၈၉၀ ပေ ရှည်တဲ့ ကားလမ်းလည်း ပေါက်နေပြီ ဖြစ်ပါတယ်။

* * * အားလုံး ကျန်းမာ၍ ချမ်းသာကြပါစေ . . .


#Credit_Photo 👍- Original_Uploader

++++++++++++++++++++++++++++++++++

Comments

Post a Comment

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)