ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)


#ရှင်ဆံတော်🙏🙏🙏
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့။
*******************************************
ထားဝယ်မြို့မှ မြောက်ဘက် ၄၇မိုင်အကွာ၊ ထားဝယ်မြို့နှင့် ရေးမြို့သွား ကားလမ်းနဘေးရှိ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်အရပ်၏ အနောက်ဘက်ခြမ်း ထားဝယ်မြစ်ကမ်းနားက တောင်ပေါ်မှာ ရှိပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်းမှာ ကျင်းပလေ့ရှိတယ်။

ဗုဒ္ဓအဖြစ်ရောက်တော်မူပြီး ၁၁ဝါမြောက်တွင် ဂေါတမမြတ်စွာဘုရားသည် ဝေမိဿကတောင်သို့ ဈာဉ်ဖြင့် ကြွချီတော်မူတယ်။ ထိုတောင်မှာ ဂဝံပတေ့ရသေ့၊ ဒူရကနတ်သားနှင့် ကုမ္ဘဏ္ဍဘီလူးတို့ မှီတင်းနေထိုင် ကြတယ်။ မြတ်စွာဘုရားအား ဦးစွာဖူးတွေ့သူမှာ ကုမ္ဘဏ္ဍဘီလူးဖြစ်ပြီး၊ ဒုတိယ ဖူးရသူမှာ ဂဝံပတေ့ရသေ့ဖြစ်ကာ နောက်ဆုံး ဖူးရသူမှာ ဒူရကနတ်သား ဖြစ်တယ်။ မြင်ရရုံဖြင့်ပင် သဒ္ဒါတရား ထက်သန်လာသောကြောင့် သစ်သီးသစ်ဥတို့ဖြင့် ပူဇော်မှု ပြုကြတယ်။ မြတ်ဗုဒ္ဓသည် သစ်သီးဆွမ်းတို့ကို ဘုန်းပေးပြီးနောက် သင့်လျော်ရာ တရားကို ဟောကြားတော်မူသည်။ ဒေသနာအဆုံးမှာ ဂဝံပတေ့ရသေ့သည် ရဟန္တာ ဖြစ်တော်မူတယ်။ ကျွတ်ထိုက်သူအား ခြေချွတ်နိုင်ပြီဆိုတော့ မြတ်ဗုဒ္ဓလည်း မစ္ဇျိမဒေသကို ပြန်ကြွတော့မယ်ပေါ့။ ဒူရကနတ်သားက မြတ်ဗုဒ္ဓကိုယ်စား ကိုးကွယ်ရန် ချီးမြှင့်ပေးပါလို့ တောင်းပန်လျှောက်ထားတယ်။ မြတ်စွာဘုရားမှ ဆံတော် သုံးဆူ ပေးအပ်ပြီး ဝေမိဿကတောင်၏ မြောက်ဘက်ရှိ ဝေဿဝဏ္ဏတောင်ကုန်းမှာ ဌာပနာပြီး စေတီတည်ဖို့ မိန့်ကြားခဲ့တယ်။

မြတ်ဗုဒ္ဓ ပြန်ကြွသွားပြီးနောက် ဒူရကနတ်သားနှင့် ကုမ္ဘဏ္ဍဘီလူး တို့သည် နတ်မင်းကြီးလေးပါးနှင့်အတူ စေတီတည်ကြတယ်။ ဗုဒ္ဓဆံတော် သုံးဆူကို ပတ္တမြားကြုတ်အတွင်းမှာထည့်ပြီး နတ်မင်းကြီးလေးပါး ဆောင်ယူလာခဲ့တဲ့ နဝရတ်ကိုးပါးချယ် ရွှေပန်းတောင်းပေါ်မှာ စံပယ်စေတယ်။ ထို့နောက် ဝေဿဝဏ္ဏတောင်ကုန်းထိပ်မှာ စောက်အနက် အတောင် ၄၀၊ အလျားအကျယ် အတောင် ၃၀ ရှိတဲ့ တွင်းတစ်တွင်း တူးကြတယ်။ တွင်းထဲက ကျောက်စားပွဲချပ်ပေါ်မှာ ရွှေပန်းတောင်းကို တင်ပြီး ဆံတော်၃ဆူကို ဌာပနာတယ်။ ဌာပနာတိုက်ကို ငုံပြီး ရွှေသားအတိနဲ့ စေတီငယ်တစ်ဆူ တည်တယ်။ ရတနာထီးဖြူဖြင့် ရွှေစေတီကို အုပ်မိုးထားလိုက်တယ်။ ပြီးမှ ကျောက်တုံးကြီးငယ် အသွယ်သွယ်ဖြင့် ကာရံကာ ဉာဏ်တော် ၁၅တောင်မြင့်တဲ့ ကျောက်စေတီကို တည်တော်မူတယ်။

ကျောက်စေတီတည်ပြီးနောက် နှစ်အနည်းငယ်ကြာသော် ကုမ္ဘဏ္ဍဘီလူး ကွယ်လွန်သွားတယ်။ ကောင်းမှုကံကြောင့် သထုံပြည့်ရှင် သီဟရာဇာမင်းကြီး၏ သားတော်ကြီးအဖြစ် ဖွားတော်မူတယ်။ အရွယ်ရောက်သော် ဘာနုရာဇာဘွဲ့ဖြင့် ထီးနန်းဆက်ခံလေတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် တစ်နှစ်အကြာမှာ ဒူရကနတ်သားလည်း နတ်သက်ကြွေပြန်တယ်။ ဘာနုရာဇာမင်း၏ သားတော်အဖြစ် ပြန်လည်မွေးဖွားခဲ့တယ်။ မင်းသားလေး အရွယ်ရောက်တော့ ကလိန်အောင်မြို့ဆိုပြီး မြို့သစ်တည်ကာ ရာဇာနရုတိဘွဲ့ဖြင့် မင်းအဖြစ် ခံယူတော်မူတယ်။

နရုတိမင်းကြီးသည် သာသနာသက္ကရာဇ် ၂၄ခု၊ ပြာသိုလဆန်း ၂ရက်နေ့မှာ ဝေဿဝဏ္ဏတောင်ကုန်းမှာရှိတဲ့ ကျောက်စေတီကို ဖြိုပြီး ဌာပနာတိုက် ပြန်ဖွင့်တယ်။ ထိုနှစ် တပေါင်းလပြည့်နေ့မှာ ပတ္တမြားကြုတ်ကို ဖွင့်ပြီး ဗုဒ္ဓ၏ဆံတော်သုံးဆူကို အမွေးနံ့သာတို့ဖြင့် ပူဇော်ကြတယ်။ အားရအောင် ပူဇော်ပြီးသော် ဌာပနာတိုက်အတွင်းသို့ ပတ္တမြားကြုတ်နှင့်အတူ နရုတိမင်းနှင့် မိဖုရားပုံတူ ရွှေရုပ်တုများ၊ နရုတိမင်း၏ ဘိုးတော်၊ ဘွားတော်၊ ခမည်းတော်၊ မယ်တော်တို့၏ ပုံတူ ရွှေရုပ်တုများ၊ နရုတိမင်း၏ သားတော်အိမ်ရှေ့မင်း၏ ပုံတူရွှေရုပ်တု၊ ဗုဒ္ဓရုပ်ပွားတော် အမျိုးမျိုး၊ ဌာပနာတိုက် အစောင့်အရှောက် အလို့ငှာ ဝိဇ္ဇာရုပ်တုများ ထည့်သွင်းပြီး ဌာပနာတိုက်ကို ပြန်ပိတ်လိုက်တယ်။ ပြီးမှ အပေါ်ကနေ ငုံပြီး စေတီပြန်တည်ပါတယ်။ ကလိန်အောင်ရှင်ဆံတော်စေတီရဲ့ သမိုင်းအကျဉ်း ဖြစ်ပါတယ်

တောင်ပေါ်မှ မြင်ရသော ရှုခင်း

#Credit_Photo 👍- Original_Uploader

Comments

Post a Comment

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း