ရှင်ဓာတ်ဝဲ စေတီ (သမိုင်းဝင် ရှင်ကိုးရှင်)


ရှင်ဓာတ်ဝဲ

ထားဝယ်မြို့မှ မြောက်ဘက် ရေးမြို့သို့ သွားတဲ့ ကားလမ်းအတိုင်း ၇မိုင်အကွာမှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာ အနီးမှာ ရှိပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်းမှာ ကျင်းပကြတယ်။

ရှင်အရဟံမထေရ်မြတ်ဟာ ပုဂံမှာ ဗုဒ္ဓသာသနာ ပြန့်ပွားစေပြီးနောက် အခြားတိုင်းဒေသတွေကိုလည်း သာသနာပြု ထွက်ခဲ့ပါတယ်။ ဘုရားဒါယိကာ ဖြစ်နိုင်မယ့် သူတွေထဲမှာမှ မောင်ဇံနှင့် မယ်ဇော ကို စျာန်တန်ခိုးနဲ့ ဆင်ခြင်မိတယ်။ မောင်ဇံနှင့်မယ်ဇောကို ရှင်ဇံနှင့် ရှင်ဇောလို့လည်း ခေါ်ကြတယ်။ သူတို့က အမြွှာမောင်နှမတွေပါ။ အမြွှာမောင်နှမရဲ့ မွေးဖွားလာခဲ့ပုံက တမျိုးဆန်းကြယ်တယ်။

အရင်တုန်းက မောင်နွားဆိုတဲ့ မုဆိုးကြီးတစ်ဦး ရှိခဲ့တယ်။ မုဆိုးကြီးဟာ ဂိရိပစ္စယရသေ့ကြီးရဲ့ တရားတွေ နာပြီးနောက်မှာ မုဆိုးအလုပ်ကို စွန့်လွှတ်ပြီး ရသေ့ဝတ်ခဲ့တယ်။ ဘွဲ့နာမည်က ဂေါဝိန္ဒရသေ့ တဲ့။ ဆရာဖြစ်သူ ဂိရိပစ္စယရသေ့ကြီးထံမှာ တရားထိုင်နည်းတွေ သင်ယူပြီးတော့ ဖိုးသူတော်ကွာစိနှင့်အတူ ဣသိန္ဒြတောင်မှာ ပြောင်းရွှေ့သီတင်းသုံးတယ်။ နောက်တော့ ဂေါဝိန္ဒရသေ့ကြီး အမှီအခိုပြု နေထိုင်တဲ့တောင်ဖြစ်လို့ မှီအုံးတောင်ဟု ပြောင်းလဲခေါ်လာကြတယ်။

ဂေါဝိန္ဒရသေ့ဟာ မှီအုံးတောင် အနီးအပါးက ရွာတွေမှာ ဆွမ်းခံကြွလေ့ရှိတယ်။ ရလာတဲ့ ဆွမ်းတွေကို ဝေဿဝဏ္ဏတောင်စပ်မှာ ရှိတဲ့ ရေကန်မှာ ဆွမ်းဘုန်းပေးလေ့ရှိသလို ထိုကန်ထဲမှာပဲ ရေချိုးသုံးသပ်လေ့ရှိပါတယ်။ ရေကန်ထဲမှာ နတ်သမီးဘဝကနေ ငါးခုံးမဖြစ်လာတဲ့ ငါးမကြီးတစ်ကောင် နေထိုင်တယ်။ ဖြစ်ချင်တော့ ငါးခုံးမက ဂေါဝိန္ဒရသေ့ရဲ့ အညစ်အကြေးကို စားမိရာကနေ ကိုယ်ဝန်ရသွားတယ်တဲ့။ အချိန်တန်တော့ ရေကန်စပ်မှာ အမြွှာလူသားကလေး မွေးဖွားပြီး သေဆုံးသွားတယ်။ သားသမီးကို စိတ်မချသဖြင့် မကျွတ်နိုင်ဘဲ ဂေါဝိန္ဒရသေ့ကို ညတွင်းချင်းပဲ အမြွှာကလေးနှစ်ယောက်အကြောင်း အိမ်မက်ပေးလေတော့တယ်။ ဂေါဝိန္ဒရသေ့ဟာ အိမ်မက်ကြောင့် နိုးလာပြီး အမြွှာကလေးနဲ့ ငါးခုံးမသေကို ကန်စပ်ကနေ သွားရောက် ယူဆောင်လာခဲ့တယ်။ ငါးခုံးမသေကို အခြောက်လှမ်းပြီးတော့ သားရိုး၊ သစ်စေးတို့ဖြင့် မံကာ ရွှေချပြီး အသမ္ဘိန္နဓာတ်ရိုက်ကာ သိမ်းထားလိုက်တယ်။ သည်လိုနဲ့ အမြွှာကလေးနှစ်ယောက်ဟာ ရသေ့ကြီးနှင့် ဖိုးသူတော်တို့ စောင့်ရှောက်မှုဖြင့် လူလားမြောက်လာခဲ့တယ်။

အစောက ဇာတ်ကြောင်းကို ဆက်ရရင် ရှင်အရဟံမထေရ်ဟာ မောင်ဇံနှင့် မယ်ဇောရှိရာ မှီအုံးတောင်သို့ ကြွချီကာ ငါးပါးသီလခံယူစေပြီး သရဏဂုဏ် တည်စေတယ်။ ပြီးမှ မြတ်စွာဘုရားကိုယ်စား ကိုးကွယ်နိုင်ရန် အလို့ငှာ ဓာတ်တော်တစ်ဆူ ချီးမြင့်တော်မူတယ်။ မြတ်စွာဘုရား၏ စွယ်တော်ပွားလို့ ဆိုသလို အချို့က ဆံတော်လို့လည်း ဆိုကြတယ်။ ဓာတ်တော် တစ်ဆူနှင့် မောင်နှမနှစ်ယောက် သူရသင့် ငါရသင့် အငြင်းပွားနေလို့ ရှင်အရဟံမထေရ်က သူပေးခဲ့တဲ့ဓာတ်တော်ကို အဓိဌာန်ပွားပြီး ၂ဆူချီးမြင့်မှပဲ ကိစ္စက ပြတ်တော့တယ်။ 

မောင်ဇံက သူရတဲ့ ဓာတ်တော်တစ်ဆူကို စေတီတည်ဖို့ နေရာ မစဉ်းစားတတ်ဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် စေတီတည်သင့်သောနေရာကို ညွှန်ပြပေးပါဆိုပြီး ဆုတောင်း အဓိဌာန်ကာ ဓာတ်တော်ကို အပေါ်သို့ ပစ်လိုက်တယ်။ ဓာတ်တော်ဟာ ဝေဿဝဏ္ဏကုန်းစပ်မှာရှိတဲ့ ရေကန်မှာ ဝဲပျံလို့နေတယ်။ သည်နေရာမှာပဲ ဌာပနာပြီး စေတီ တည်ခဲ့ပါတယ်။ ဓာတ်တော်ဝဲပျံခဲ့တဲ့ နေရာမှာ စေတီတည်တာမို့လို့ ရှင်ဓာတ်ဝဲစေတီလို့ ဘွဲ့အမည်ပေးခဲ့ပါတယ်။ သားရိုးကိုင်ထားတဲ့ ငါးခုံးမကိုတော့ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ထားပြီး တပို့တွဲလပြည့်နေ့မှာ ကျင်းပတဲ့ ရွှေသာလျောင်းဘုရားပွဲမှာ အများသူငါ ကြည့်ရှုနိုင်အောင် ပြသပေးထားပါတယ်တဲ့။

မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။

Comments

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)