သမိုင်းဝင် ရှင်ကိုးရှင် (ထားဝယ် ခရိုင်)

 

ဒီနေ့တော့ C4T ရဲ့ Vlog ကနေ တစ်ဆင့် ထားဝယ်မြို့ရဲ့ အထင်ကရ ရှင်ကိုးရှင် ဘုရားများကို သွားဖူးကြစို့နော်။

"ရှင်ကိုးရှင်" မှ ရှင်ပင်ခရု၊ ရှင်မုတ္ထီး၊ ရှင်ဥသြနှင့် ရှင်ဓာတ်ဝဲတို့က ထားဝယ်မြို့နယ်တွင် တည်ရှိပြီး၊ ရှင်မျှော်တောင်၊ ရှင်တောက်ထိန်နှင့် ရှင်ဇလွန်တို့သည် လောင်းလုံမြို့နယ်၊ ရှင်တောင့်ပုံက သရက်ချောင်းမြို့နယ်၊ ရှင်ဆံတော်က ရေဖြူမြို့နယ် စသဖြင့် အသီးသီး တည်ရှိကြပါတယ်။ 

"ရှင်ကိုးရှင်" တည်ရာ ပထဝီမြေအနေအထားများအရ 
'တောင်သုံးတောင်၊ တောသုံးတော၊ မြို့သုံးဆူ' လို့လည်း အမှတ်အသား ပြုထားကြပါတယ်။

'တောင်သုံးတောင်'ရှင်များက - ရှင်ဆံတော်၊ ရှင်မျှော်တောင်၊ ရှင်တောင့်ပုံ။ 
'တောသုံးတော'ရှင်များက - ရှင်ဓာတ်ဝဲ၊ ရှင်ဇလွန်၊ ရှင်တောက်ထိန်။ 
ရှင်ပင်ခရု၊ ရှင်ဥသြနဲ့ ရှင်မုတ္ထီးတို့ကတော့ မြို့ပေါ်မှာတည်ထားတဲ့ ဘုရားများဖြစ်တာကြောင့် 'မြို့သုံးဆူ' လို့ ခေါ်တွင်ကြပါတယ်။ 

(1) ရှင်ပင်ခရု  

ရှင်ပင်ခရုစေတီတော်က ထားဝယ်မြို့၊ ကရင်ပြင်တောင်ရပ်ကွက်၊ အာဇာနည်လမ်းမှာတည်ရှိပြီး လွန်ခဲ့သောနှစ်ပေါင်း (၃၀၀) ခန့်က တည်ထားခဲ့တယ်လို့ ယူဆကြပါတယ်။ စေတီတော်ကို ခရေပင်ကြီးနှစ်ပင်ကြားတွင် ထူးဆန်းစွာပေါ်လာသည့် အလွန်ကြီးမားသည့် ခရုကြီး၏အခွံပေါ်တွင် တည်ခဲ့ရာမှ ရှင်ပင်ခရုဟူ၍ အမည်တွင်ခဲ့ကြောင်း အစဉ်အဆက် ပြောဆိုလာခဲ့ကြပါတယ်။ (1996) ခုနှစ်က ထားဝယ်မြို့ ကရင်ပြင်တောင်ရပ်ကွက် တစ်ရပ်ကွက်လုံးနီးပါး မီးလောင်ကျွမ်းခဲ့သော်လည်း ရှင်ပင်ခရုစေတီတော်သည် မီးလုံးဝ မခဘဲ ကြွင်းကျန်ရစ်ခဲ့ပါတယ်။  

(2) ရှင်မုတ္ထီး 

ရှင်မုတ္ထီးစေတီတော်က ထားဝယ်-မြိတ်ကားလမ်းဘေးမှာရှိတဲ့ ရှင်မုတ္ထီးရွာမှာ တည်ရှိပါတယ်။ ရှင်မုတ္ထီးရုပ်ပွားတော်မြတ်ကို ဌာပနာထားသောစေတီ ဖြစ်ပါတယ်။ ရှင်မုတ္ထီးရုပ်ပွားတော်ဆိုသည်မှာ သီဟိုဋ္ဌ်ကျွန်းမှ ရဟန္တာအရှင် မဟာအရဟံက အဓိဋ္ဌာန်ဖြင့် ပင်လယ်တွင်းသို့ မျှောခဲ့သည့် ရုပ်ပွားတော်လေးဆူအနက်မှ တစ်ဆူဖြစ်ပါတယ်။ ကျန်သုံးဆူကတော့ ပုသိမ်မြို့ရှိ ရှင်မုဋောဘုရား၊ ကျိုက်ထိုမြို့မှ ကျိုက်ပေါလောမှဲ့ရှင်ဘုရားနှင့် ကျိုက္ခမီရေလယ်ဘုရားတို့ဖြစ်ကြောင်း မှတ်သားရပါတယ်။ 

(3) ရှင်တောင့်ပုံ 

ရှင်တောင့်ပုံသည် သရက်ချောင်းမြို့နယ်မှ ပေ (2000) အမြင့်ရှိသည့် တောင်ပေါ်တွင် တည်ရှိပါတယ်။ 'တောင့်ပုံ'ဟူသည်မှာ မြားပုံး၊ မြားပလုံး၊ မြားကျည်တောက်များ စုပုံထားရာနေရာလို့ အဓိပ္ပါယ်ရပါတယ်။ တောမုဆိုး မောင်နွားဆိုသူက ရှင်တောင့်ပုံတည်မည့်တောင်ပေါ်မှာ သူ့ရဲ့မုဆိုးအသုံးအဆောင်များကို စုပုံမီးရှို့ပြီး ရှင်ဂေါဝိန္ဒအမည်ဖြင့် ရသေ့ဝတ်ကာ ရှင်တောင့်ပုံစေတီကို တည်ခဲ့တယ်လို့ ဆိုပါတယ်။ 

(4) ရှင်မော်/ရှင်မျှော်တောင်

'ရှင်မော်'လို့လည်း အမည်တွင်တဲ့ ရှင်မျှော်တောင်စေတီကတော့ လောင်းလုံမြို့နယ် ကြက်လွှတ်ကျေးရွာမှာ တည်ရှိပါတယ်။ ပင်လယ်ကမ်းခြေထိပ်အနီးရှိ ကျောက်တုံးကြီးပေါ်မှာ တည်ထားသော်လည်း စေတီကို ရေလွှမ်းမိုးခြင်း မရှိပါဘူး။ ရှင်မျှော်တောင်အောက်ဖက်မှ ရေအိုင်ငယ်သည်လည်း ပင်လယ်ဒီရေတက်ချိန်မှာ ဆားငန်ရေများဝင်ရောက်နေကျဖြစ်ပေမယ့် ဒီရေကျသွားသည့်နှင့် ရေချိုအိုင်အဖြစ်သာ ဆက်လက်တည်ရှိနေကြောင်း ဆိုပါတယ်။ 

(5) ရှင်တောက်ထိန် 

ရှင်တောက်ထိန်ဘုရားက လောင်းလုံမြို့နယ် ကမျောကင်းကျွေးရွာမှာ တည်ရှိပါတယ်။ ရှင်တောက်ထိန်ကို ဓာတ်ဘုရားလို့လည်း ခေါ်ဆိုကြပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း ဆွမ်းတော်တင်ပွဲကြီး ကျင်းပလေ့ရှိပါတယ်။  

(6) ရှင်ဥသြ 

ရှင်ဥသြစေတီတော်က ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ရွှေကျောင်းကြီးအတွင်းမှာ တည်ရှိပါတယ်။ ရွှေတောင်စားမင်း မင်းရှင်စောက သက္ကရာဇ် (၁၁၂၂) ခုနှစ်မှာ ပိန္နဲတောရပ်တွင် ရွှေကျောင်းကြီးကို တည်ဆောက် နန်းစံပြီး နန်းဦးစေတီအဖြစ် ရှင်ဥသြစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါတယ်။ ရှင်ဥသြစေတီတည်ပြီး နှစ်နှစ်အကြာမှာ ရွှေတောင်စားစေတီကိုလည်း ထပ်မံတည်ထားခဲ့ကြောင်း မှတ်သားရပါတယ်။ 

(7) ရှင်ဇလွန် 

ရှင်ဇလွန်စေတီတော်က လောင်းလုံမြို့နယ်၊ သာဂရမြို့ဟောင်းတွင် တည်ရှိပါတယ်။ စေတီတော်၏ ခေါင်းလောင်းပုံအထက်ပိုင်း ပတ်ပတ်လည်တွင် ပုံဖော်ထားသည့် အင်္ဂတေပန်းကနုတ်များတွင် သိရိဝစ္ဆပုံများပါဝင်နေသောကြောင့် ရှင်ဇလွန်ကို ပျူခေတ်နှင့် တပြိုင်တည်း ခေတ်ပြိုင်တည်ရှိခဲ့သည့်စေတီဟု ယူဆမှုများလည်း ရှိပါတယ်။

(8) ရှင်ဓာတ်ဝဲ  

ရှင်ဓာတ်ဝဲစေတီသည် ထားဝယ်-ရေဖြူကားလမ်းမှ (7) မိုင်ဝေးသော မောင်မယ်ရှောင်ရွာမှာ တည်ရှိပါတယ်။ ရှင်ဓာတ်ဝဲတည်ရာမှာ ဌာပနာမည့် ဘုရားဓာတ်တော်ကို အဓိဋ္ဌာန်ဖြင့် လေထဲသို့လွှင်ခဲ့ရာ ယခုစေတီတည်ရာနေရာတွင် ပျံဝဲနေသဖြင့် ရှင်ဓာတ်ဝဲစေတီဟု အမည်တွင်ခဲ့ရပါတယ်။  

(9) ရှင်ဆံတော်  

ကလိန်အောင် ဆံတော်ရှင်ဆုတောင်းပြည့်ဘုရား လို့ ထင်ရှားတဲ့ ရှင်ဆံတော်စေတီက ရေဖြူမြို့နယ် ကလိန်အောင်တောင်ပေါ်မှာ တည်ရှိပါတယ်။ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမတည်းဟူသော ပွင့်တော်မူပြီးသော မြတ်စွာဘုရားလေးဆူ၏ ဆံတော်သုံးဆူဆီကို ကျောက်ဌာပနာတိုက်တွင် ထည့်သွင်းကာ အပေါ်မှ ဥာဏ်တော် (၁၅) တောင်အမြင့်ရှိသည့် ရှင်ဆံတော်စေတီတော်ကို တည်ထားခဲ့ပါတယ်။ ဆံတော် (၁၂) ဆူ ကိန်းဝပ်သည့် ရှင်ဆံတော်ဘုရားပွဲကို နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိပါတယ်။ 

မြန်မာနိုင်ငံတစ်လွှား လူသိများထင်ရှားတဲ့ သမိုင်းဝင် "ရှင်ကိုးရှင်" ကတော့ ဗုဒ္ဓဘာသာကိုကြည်ညိုသော၊ သမိုင်းအမွေအနှစ်ကို တန်ဖိုးထားတတ်သော ခရီးသွားများဖြင့် နှစ်စဉ်စည်ကားနေပ

သမိုင်းဝင်အချက်အလက်များနဲ့ အထင်ကရ တည်ရှိနေကြတဲ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင်က ရှေးဟောင်း "ရှင်ကိုးရှင်" ဘုရားစေတီများဆီကို အခါအခွင့်သင့်ရင်ဖြင့် တစ်ခါတစ်ခေါက် သွားရောက်လေ့လာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ ....

#Credit_Photo 👍- Original_Uploader

Comments

Popular posts from this blog

ဝါးပလုပ် ဖျော်ရည်

ကော့သောင်း ရဲ့ အပန်းဖြေ စရာ မလိဝမ်း သဘာ၀ ရေတံခွန် နှင့် သဘာဝ ရေပူစမ်း

ရှင်ဆံတော် (သမိုင်းဝင် ရှင်ကိုးရှင်)